နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝမ်တိန်ဖရဲဈေးကွက်၌ ရောင်းလိုအားထက် ဝယ်လိုအားများနေ

ရန်ကုန်၊  နိုဝင်ဘာ  ၂၁

ယမန်နှစ်က ယခုရာသီတွင် မူဆယ် ၁၀၅ မိုင်မှ တရုတ်ပြည် တယ်ဟုန်ခရိုင်ရှိ ဝမ်တိန်ဖရဲ၊ သခွားသစ်သီးဒိုင်သို့ ဖရဲ၊ သခွားမွှေး ယာဉ်များ တစ်ရက်လျှင် ယာဉ်အစီးရေ ၁၅၀ မှ ၂၀၀ ခန့် ဝင်ရောက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက် တွင် ဝမ်တိန်သစ်သီးဒိုင်သို့ အစီးရေ ၅၀ ကျော်သာ ဝင်ရောက်ခဲ့၍ တောင်ပေါ်၊ မြေပြန့် စိုက်ပျိုးထုတ်လုပ်မှု နည်းခဲ့သောကြောင့် ဖရဲရာသီ၌ ဝမ်တိန်ဈေးကွက်တွင် ရောင်းလိုအားထက် ဝယ်လိုအားများနေကြောင်း သိရသည်။

လက်ရှိ ဝမ်တိန်သစ်သီးဈေးကွက်တွင် 855 အမျိုးအစား ဖရဲသီး(ထိပ်သီးစ)တစ်တန်လျှင် ယွမ် ၆၂၀၀ ခန့် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်)၊ သခွားမွှေးတစ်တန်လျှင် ယွမ် ၆၀၀၀ ခန့်ဖြင့် အရောင်းအဝယ်သွက်လျက် ရှိပြီး တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၂ ကျပ်ပေါက်၍ တစ်ရက်လျှင် ယာဉ်အစီးရေ ၅၀ ကျော်သာ ဝင်ရောက် သောကြောင့် ဖရဲ၊သခွားဝယ်လိုအား လှုပ်လှုပ်ရှားရှားဖြစ်နေကြောင်း သိရသည်။

“တောင်ပေါ်သီးထွက်နှုန်းပါးသွားပေမယ့် ကျောက်ဆည်သီး ဆက်ဝင်မှာပါ။ ဒါပေမယ့် COVID-19 ရောဂါ ကြောင့် စိုက်ပျိုးမှုနည်းခဲ့တဲ့အတွက် အရင်နှစ်လို ဖရဲ၊ သခွားကားတွေ အဝင်နည်းသွားတယ်။ တောင်သူတွေ  အထူးဂရုပြုရမှာက အသီးဈေးကောင်းနေတဲ့အတွက် အသီးကို ပြီးသလိုမတင်လာဖို့လိုမယ်။ အသီးလှပေမယ့် ထိခိုက်ထားမယ်ဆိုရင် အစီးပျက်အနေနဲ့ ရောင်းရတာကြောင့် နစ်နာနိုင်လို့ပါ။ မိမိခြံထွက် အရည်အသွေး ကိုလည်း ထိန်းသိမ်း ဖို့လိုပါတယ်။ ဈေးကွက်ကောင်းတဲ့အချိန်မှာလည်း အခက်အခဲတွေရှိနေပါတယ်”ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ ဒေါ်နန်းခမ်းခင်က ပြောသည်။

နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဝမ်တိန်သစ်စီးဒိုင်သို့ တစ်စီးလျှင် ၁၄ တန်၊ ၁၅ တန် ဖရဲ၊ သခွား ယာဉ် ၂၀ ကျော်မှ ၅၀ ကျော်သာ ဝင်ရောက်လျက်ရှိပြီး ထိုစံချိန်အတိုင်းသာ ဆက်လက်ဝင်ရောက်ပါက စိုက်ပျိုး တောင်သူနှင့် ကုန်သည်မှာ ဝယ်လိုအားမြင့်တက်လာမှုအပေါ် ဆက်လက်အဆင်ပြေမည်ဖြစ်ရာ နိုင်ငံတစ်ဝန်း စိုက်ပျိုးမှုနည်းခဲ့၍ COVID-19 ရောဂါ၊ လမ်းပန်းအခြေအနေတို့ကြောင့် စိုက်ပျိုးခဲ့သော တောင်သူတို့သာ ဈေးကောင်းရခြင်းဖြစ်သည်။

ယခင်က မူဆယ် ၁၀၅ မိုင်အထက်ရှိ အရှေ့မြောက်တံခါး သစ်သီးဝလံကုန်စည်ဒိုင်တွင် ဖရဲ၊သခွားမွှေး ဈေးဖြတ်၍ တရုတ်ပြည်၊ တယ်ဟုန်ခရိုင် ဝမ်တိန်သစ်သီးဈေးကွက်သို့ တစ်ဆင့်ပို့ဆောင်သည့်အတွက်ကုန်သည်နှင့် စိုက်ပျိုးတောင်သူတို့ ဈေးနှုန်း၊ ငွေကြေး အခက်ကြုံရပါက မြန်ဆန်စွာ ဖြေရှင်းနိုင်သော်လည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှစ၍ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်ကိုပိတ်ခဲ့ရပြီး ဝမ်တိန်သစ်သီးဝလံဈေးကွက်သို့ တစ်ဖက်ဝယ်လက်များက တိုက်ရိုက်ပို့ဆောင်ကြရာ မတည်ငြိမ်သော သစ်သီးဈေးကွက်နှင့် ငွေကြေးအခက်အခဲ တို့ကို ပွဲစားကိုယ်စားလှယ်များဖြင့်သာ ဖြေရှင်းရ၍ စိုက်ပျိုးတောင်သူနှင့် ကုန်သည်တို့အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“ဖရဲ၊ သခွားဈေးကွက်က မူဆယ် ၁၀၅ မိုင်မှာ မရှိတော့ဘူး။ တရုတ်ပြည်ထဲရောက်သွားပြီ။ ဈေးကွက်၊ လမ်းပိုင်းနဲ့ ရောဂါထိန်းချုပ်နိုင်မှုဟာ နယ်စပ်ဈေးကွက်ပေါ် တိုက်ရိုက်သက်ရောက်နေတယ်။ ပြီးတော့ ၁၀၅ မိုင်နဲ့ ကျင့်စမ်းကြော့လမ်းပိုင်းမှာ ယာဉ်တွေပိတ်နေတာရှိတယ်။ တရုတ်ပြည်အဝင် စစ်ဆေးမှုကြန့်ကြာတဲ့ အတွက်ကြောင့်ပါ။ အခက်အခဲက ဖရဲ၊ သခွားဈေးကွက်ကို ဒီကလူဝင်လို့မရတဲ့အတွက် အသိမိတ်ဆွေ၊ ပွဲစားကတစ်ဆင့် ဖုန်းနဲ့ချိတ်ဆက်ရောင်းရတယ်။ မတည်ငြိမ်တဲ့ဈေးကွက်ကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းရှိမယ်         ဆိုရင် စိုက်ပျိုးတောင်သူနဲ့ ကုန်သည်တွေ ပိုပြီးအဆင်ပြေစေမှာပါ”ဟု ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူ ဦးစိုင်းခင်မောင်က ပြောသည်။  

(၁၁၂)






အခြားဆက်စပ်သတင်းများ