နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က အစိုးရသစ်ကို နှောင့်နှေးကြန့်ကြာအောင်လုပ်ပါက အသက်ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်ဟု ဂျိုးဘိုင်ဒင် သတိပေး

နိုဝင်ဘာ  ၁၇၊ ဝါရှင်တန်


သမ္မတဒေါ်နယ်ထရမ့်က နောက်တက်မည့် အစိုးရသစ်ကို နှောင့်နှေးကြန့်ကြာအောင် ဆက်လုပ် နေမည်ဆိုပါက လူ့အသက်ဆုံးရှုံးမှုများ ကြုံရနိုင်သည်ဟု သမ္မတရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဂျိုးဘိုင်ဒင်က ဒယ်လာဝဲပြည်နယ် မိန့်ခွန်းပြောပွဲတွင် ပြောခဲ့သည်။


ဒီမိုကရက်တစ်နှင့် ရီပတ်ဗလစ်ကန်ပါတီ ၂ ခုလုံးက ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံရန် တိုက်တွန်းခဲ့သော်လည်း ယခုအချိန်အထိ အရှုံးကို လက်မခံသေးသည့် ဒေါ်နယ်ထရမ့်၏လုပ်ရပ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့လွန်းသည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ ဂျိုးဘိုင်ဒင်မှာ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်မဲ ၃၀၆ မဲရရှိခဲ့ပြီး သမ္မတဖြစ်ရန် လိုအပ်သည့် ကိုယ်စားလှယ်မဲ ၂၇၀ ထက် ကျော်လွန်သွားပြီဖြစ်သည်။


သို့သော် ပြီးခဲ့သည့်တနင်္လာနေ့ နံနက်ပိုင်းတွင် ဒေါ်နယ်ထရမ့်က''ကျွန်တော် ရွေးကောက်ပွဲ အနိုင်ရတာပါ''ဟု တွစ်တာပေါ်မှာ ရေးသားခဲ့သည်။
သမ္မတသစ်အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်ရန် တာဝန်ယူထားသည့် အစိုးရအေဂျင်စီ General Services Administration (GSA) ကလည်း ဂျိုးဘိုင်ဒင်နှင့် ကာမာလာဟာရစ်တို့ကို ရွေးကောက်ပွဲအနိုင်ရသူများအဖြစ် အသိအမှတ်မပြုသေးပေ။


ထို့ကြောင့် ပုံမှန်အားဖြင့် အစိုးရသစ်ကို ပေးအပ်လေ့ရှိသည့် အရေးကြီးသတင်းအချက်အလက်များကို ဂျိုးဘိုင်ဒင်နှင့်ကာမာလာဟာရစ်တို့ မရသေးပေ။ ဒေါ်နယ်ထရမ့်က အာဏာလွှဲပြောင်းရေးလုပ်ငန်း ဆောင်ရွက်ရန် ငြင်းဆန်နေသည့်အတွက် ဂျိုးဘိုင်ဒင်၏အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးဗျူဟာရေးဆွဲရာတွင် ပါဝင်ခွင့်မရှိပေ။


'' ဒါကို နားလည်ကြရဲ့လား။ အခုလို ပြောနေရတာ ချဲ့ကားပြောဆိုနေတာမဟုတ်ပါဘူး။ လူ့အသက်တွေကို ကယ်တင်ဖို့ ပြောနေတာပါ။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် လူတွေသေရလိမ့်မယ်'' ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ ကာကွယ်ဆေးဖြန့်ဖြူးရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ရန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည့် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စောင့်ရမယ်ဆိုပါက တစ်လခွဲနီးပါး နောက်ကျသွားလိမ့်မည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ