နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Moderna ဆေးက COVID-19 ရောဂါကို ၉၄ ဒသမ ၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ဟု ကနဦးရလဒ်တွင် ဖော်ပြ

နိုဝင်ဘာ  ၁၇၊ ဝါရှင်တန်


ကနဦးရလဒ်များအရ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ Moderna က ဖော်စပ်ခဲ့သည့် ကာကွယ်ဆေးမှာ COVID-19 ရောဂါကို ၉၄ ဒသမ ၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ မကြာသေးမီ ထွက်ပေါ်လာသည့် ကနဦးရလဒ်များအရ Pfizer ကာကွယ်ဆေးကလည်း COVID-19 ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးသည်ဟု တွေ့ရခြင်းကြောင့် COVID-19 ကပ်ရောဂါကို အဆုံးသတ်နိုင်တော့မည်ဆိုသည့် မျှော်လင့်ချက်လည်း ပိုမြင့်မားလာသည်။


အမေရိကန်နိုင်ငံတွင် လူ ၃၀၀၀၀ ကို စမ်းသပ်ထိုးနှံမှုပြုလုပ်ခဲ့ရာ တစ်ဝက်ကို ရက်သတ္တပတ် ၄ ပတ်ခြားပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးသည်။ ကျန်တစ်ဝက်ကို အာနိသင်မဲ့ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးခဲ့သည်။ COVID-19 ရောဂါလက္ခဏာ ပြလာသည့် ပထမဆုံး ၉၅ ဦးတွင် ကာကွယ်ဆေးထိုးနှံထားသူ ၅ ဦးသာပါဝင်ပြီး အာနိသင်မဲ့ ကာကွယ်ဆေးထိုးနှံခဲ့သူများတွင် ရောဂါကူးစက်ခံရသူ ၉၀ ဦး ရှိခဲ့သည်။


ထို့ကြောင့် Moderna ကာကွယ်ဆေးက COVID-19 ရောဂါကို ၉၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု Moderna ကုမ္ပဏီက ပြောသည်။ စမ်းသပ်ထိုးနှံမှုခံယူခဲ့သူများတွင် COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ခံစားရသူ ၁၁ ယောက်ရှိသော်လည်း ကာကွယ်ဆေးထိုးနှံခံခဲ့သူတွေများတွင် ယင်းကဲ့သို့ ဖြစ်ရပ်မျိုး မရှိခဲ့ပေ။


Moderna ကာကွယ်ဆေးမှာ Pfizer ကာကွယ်ဆေးကဲ့သို့ RNA Vaccine ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇသင်္ကေတ တစ်စိတ်တစ်ပိုင်းကို ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီး အဆိုပါမျိုးဗီဇသင်္ကေတက ကိုရိုနာဗိုင်းရပ်စ်၏ ပရိုတိန်းဓာတ်များ ထုတ်လုပ်ပေးသည်။ ထို့နောက်တွင် ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်စွမ်းရှိလာအောင် (ပဋိပစ္စည်းတွေနဲ့ T-cells တွေ ထွက်လာအောင်) လေ့ကျင့်ပေးရာ ကာကွယ်ဆေးထိုးထားသူအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ရင်ဆိုင်ရပါက ယင်း၏ကိုယ်ခံအားစနစ်က ရောဂါကိုတိုက်ဖျက်ပေးနိုင်မည်ဖြစ်သည်။


Pfizer ကာကွယ်ဆေးကို အပူချိန်  (အနုတ် ၇၀)ဒီဂရီဆဲလ်စီးယက်တွင်သာ သိုလှောင်နိုင်သော်လည်း Moderna ကာကွယ်ဆေးကို အပူချိန် (အနုတ် ၂၀ ဒီဂရီဆဲလ်စီးယက်)တွင် ၆ လအထိ သိုလှောင်ထားနိုင်ပြီး သာမန်အပူချိန်ရှိသည့် ရေခဲသေတ္တာတွင် တစ်လအထိ သိုလှောင်ထားနိုင်သည်။                                                                                                                                                           


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ