နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းပြည်နယ်၏ စီးပွားဖြစ် ဝဥစိုက်ပျိုးမှု ခိုင်မာသောဈေးကွက်တစ်ခုမျှော်လင့်

ရန်ကုန်  နိုဝင်ဘာ ၁၁


ချင်းပြည်နယ်တွင် တောင်ယာခုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ကျစေလျက် ဒေသခံတို့၏ လူမှုစီးပွားကိုအထောက်အပံ့ဖြစ်စေသောဝဥစိုက်ပျိုးမှုကို ၂၀၀၈ ခုနှစ်၌ တွင်ကျယ်စွာစိုက်ပျိုး ထုတ်လုပ်ခဲ့ရာ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသော ကြောင့် ချင်းပြည်နယ်၏ စီးပွားဖြစ်ဝဥစိုက်ပျိုးမှုသည် ခိုင်မာသောဈေးကွက်တစ်ခုပေါ်ထွန်းရန် မျှော်လင့် လျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။     

“မျက်မြင်ကိုယ်တွေ့ပြောရရင် ချင်းပြည်နယ်မှာရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာတယ်။ ဝဥဟာ သစ်တော၊ သစ်ပင် ၆၅ ရာခိုင်နှုန်းအရိပ်ရတဲ့အောက်မှာ စိုက်ပျိုးရတာကြောင့် သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးဖြစ်နေပါပြီ။ သဘာဝပတ်ဝန်ကျင်ကို မထိခိုက်အောင်စိုက်ပျိုးတဲပုံစံလည်းဖြစ်သွားတယ်။ ဒေသမှာ စီးပွားဖြစ်စိုက်ပျိုးတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ခိုင်မာတဲ့ဈေးကွက်တစ်ခု ဖန်တီး နိုင်မယ်ဆိုရင် ချင်းပြည်အတွက်စီးပွားရေးအခွင့်အလမ်း အများကြီးပေါ်လာမှာပါ”ဟု ကန်ပက်လက်မြို့မှ ဝဥစိုက်ပျိုးထုတ်လုပ်သော ဦးခွီအွမ်ငိုင်းက ပြောသည်။

ဝဥကို ၂၀၀၀ ပြည့်နှစ်တွင် ဝယ်ယူမှုများခဲ့ရာ တောထဲတွင် လိုက်လံရှာဖွေတူးဖော်ရောင်းချရာမှ ၂၀၀၅ ခုနှစ်တွင် တောင်ယာနှင့်ဥယျာဉ်ခြံမြေတို့၌ စိုက်ပျိုးခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် နည်းပညာအကူအညီဖြင့် ဝဥအဖြူ၊ ဝဥအဝါနှင့် ဝဥအနီသုံးမျိုးကို ဒေသ၊ ရာသီဥတုကွဲပြားမှုနှင့်အညီ စိုက်ပျိုးထုတ်လုပ်၍ ပေါင်းသတ် ဆေးနှင့် ဓာတုမြေဩဇာတို့အသုံးမပြုဘဲ သဘာဝဩဂဲနစ်စိုက်ပျိုးမှုဖြင့် ဈေးကွက်သို့တင်ပို့နိုင်ရန် စိုက်ပျိုး တောင်သူတို့ ကြိုးပမ်းလျက်ရှိပြီး မင်းတပ်မြို့နှင့်ခုနစ်မိုင်အကွာ ထိန်ချောင်းကျေးရွာ၌ ဝဥစက်ရုံကို ၂၀၁၉ ခုနှစ်ကဖွင့်လှစ်ခဲ့ကာ ထွက်ရှိသောဝဥအမှုန့်နှင့် ပစ္စည်းများကို ဂျပန်နိုင်ငံသို့တင်ပို့လျက်ရှိသည်။

COVID-19 ရောဂါကြောင့် ယခုနှစ်ဝဥဈေးနှုန်း အနည်းငယ်ကျပြီး ဝဥအသီး(မျိုး) တစ်ပိဿာလျင်  ကျပ် ၇၀၀၀ ကျော်၊ ဝဥအကြီးတစ်ပိဿာလျင် ကျပ် ၁၀၀၀ ဈေးဖြင့် ရောင်းချလျက်ရှိကာ တူးဖော်ရောင်းချချိန်မှာ  အောက်တိုဘာလမှ ဖေဖော်ဝါရီလထိဖြစ်၍ ဖေဖော်ဝါရီလသည် ဈေးနှုန်းအမြင့်ဆုံးနှင့် ရာသီကုန်ချိန်ဖြစ်သော ကြောင့် ယမန်နှစ် ထိုအချိန်က ဝဥအသီး(မျိုး)တစ်ပိသာလျှင် ကျပ် ၁၈၀၀၀ နှင့် ဝဥတစ်ပိသာလျှင် ကျပ် ၂၂၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ ဥလိုက်ရောင်းချသော ဈေးနှုန်းနှင့် ဝဥကိုအကွင်းလိုက်လှီးကာ အခြောက်လှန်း ရောင်းချခြင်းသည် ဈေးပိုရသည့်အတွက် ဒေသခံတို့ စက်ဖြင့်အကွင်းလိုက်ထုတ်လုပ်သောလုပ်ငန်းများလည်း ရှိကြောင်းသိရသည်။

စိုက်ပျိုးရာတွင် ပျိုးခင်းဖြစ်ပါက အသီး(မျိုး)ကို တစ်နှစ်စိုက်ပျိုးပြီး စိုက်ခင်းဖြစ်ပါကဝဥအသေးကို လအပိုင်းအခြားဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပင်လယ်ရေမျက်နှာပြင် ပေ ၁၀၀၀ အထက်တွင် ဝဥအဖြူ၊ ပေ ၃၀၀၀ မှ ၄၀၀၀ ကျော်တွင် ဝဥအနီနှင့် ပေ ၅၀၀၀ အထက်၌ ဝဥအဝါတို့ထွက်ရှိ၍ ဝဥအနီမှာ ဈေးနှုန်းအကောင်းဆုံး ဖြစ်ကြောင်း သိရသည်။ တောင်ပေါ်ဒေသတွင်သာပေါက်ရောက်သော ချင်းပြည်နယ်မှဝဥကို ပြည်ပနိုင်ငံများ အထူးစိတ်ဝင်စားကြပြီး ဝဥအားလေယာဉ်ပန်ကာနှင့် ပင်လယ်ပြင်တွင်အသုံးပြုသော ပစ္စည်းများတွင်အသုံး ပြုလျက် သွေးတိုး၊ ဆီးချိုပျောက်ဆေးအဖြစ် အိမ်နီးချင်းနိုင်ငံတို့က ဝယ်ယူလျက်ရှိသည်။

“ကန်ပက်လက်မြို့မှာ ဝဥစိုက်တာ နှစ် ၂၀ ရှိပြီ။ အရင်ကဥလိုက်ရောင်းကြတာ၊ အခု နည်းပညာနဲ့ကုန်ချောအဖြစ် ရောင်းချတာကြောင့် ဟိုတယ်တွေကိုပို့တာလည်းတွေ့ရတယ်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို  ဂျပန်နိုင်ငံက ကျေးရွာငါးရွာမှာ စံပြစိုက်ပျိုးဖို့ဆိုပြီးပေးခဲ့တာရှိတယ်။ ဘယ်လိုလုပ်ပြီး စားလို့ရတယ်ဆိုတာလည်းပြသခဲ့တယ်။ ဒေသခံအချို့က သစ်သီးဝလံနဲ့ပတ်သက်တဲ့ သင်တန်းတွေတက် ပြီး ကိုယ်တိုင်ပစ္စည်းထုတ်လုပ်လာတာလည်းရှိလာတယ်။ ကျယ်ပြန့်မှုတော့မရှိသေးဘူး။ စိုက်ပျိုးနည်းတော့ သိသွားကြပြီ။ ဝဥကိုဥ၊ အသီး၊ မျိုးစေ့ဆိုပြီး သုံးမျိုးစိုက်ပျိုးကြတာ။ တစ်ပင်တည်းနဲ့ မျိုးသုံးမျိုးရတဲ့အတွက် မျိုးတုန်းဖို့တော့မရှိဘူး။ ဒေသစီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်ဈေးကွက်တစ်ခုကို အားလုံး မျှော်လင့်နေကြပါတယ်။ ဝဥဟာ ချင်းပြည်နယ်ရဲ့စီးပွားရေးကယ်တင်ရှင်ဆိုရင်လည်းမမှားပါဘူး”ဟု ကန်ပက်လက်မြို့ နတ်မတောင်အမျိုးသားဥယျာဉ်မှ တောအုပ်ကြီးဒေါ်လင်းရှိန်မန်းက ပြောသည်။

ချင်းပြည်နယ်မှ ဝဥများကို ပခုက္ကူနှင့် မန္တလေးမှပွဲစားများတိုက်ရိုက်ဝယ်ယူလေ့ရှိပြီး အချို့မှာခြံပြတ် ရောင်းချလေ့ရှိသည်။ တစ်ပေမှသုံးပေကျော်အထိ ပေါက်ရောက်သော ဝဥပင်တွင် အဆီအနှစ်အလေးချိန်ရှိ သော အနီရောင်ဝဥမှာ ဈေးကောင်းရလျက်တစ်ဧကလျှင် ကျပ်သိန်း ၇၀ ခန့်ရရှိသောကြောင့် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့၌ ဝဥကို အများဆုံးစိုက်ပျိုးထုတ်လုပ်သောကြောင့် ချင်းပြည်နယ်၏လူမှုစီးပွားကိုဖြစ်ထွန်း စေသော စီးပွားဖြစ်ဝဥစိုက်ပျိုးထုတ်လုပ်မှုအတွက် ခိုင်မာသောဈေးကွက်တစ်ခုကို ဒေသခံများမျှော်လင့်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး (၁၁၂)






အခြားဆက်စပ်သတင်းများ