နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလတွင် ရွှေပိတောက်ငါးဈေးမှ ရေထွက်ကုန်ပစ္စည်းများ အရောင်းအဝယ်အဆင်ပြေလျက်ရှိ

ရန်ကုန်၊  နိုဝင်ဘာ  ၈

COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းများ အခက်အခဲရှိသော်လည်း ပြည်တွင်း စားသုံးမှုကို နေ့စဉ်အထောက်အပံ့ဖြစ်စေသည့် ရေချို၊ရေငန်ရေထွက်ပစ္စည်းများ နေ့စဉ်ငါးဈေးများသို့ ဝင်ရောက်လျက်ရှိရာ COVID-19 ရောဂါရင်ဆိုင်နေရစဉ်တွင် ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီး၌ ထုတ်လုပ်သူ နှင့် ရောင်းချသူများ အရောင်းအဝယ်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေပိတောက်ငါးဈေးကြီးတွင် ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ငါးကြင်း ကျပ် ၅၅၀၀၊ ငါးတန် ကျပ် ၂၂၀၀၊ ငါးမုန့် ကျပ် ၂၀၀၀၊ တီလားဗီးယား ကျပ် ၂၈၀၀၊ ရေဘဝဲ တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပလာတူး ကျပ် ၂၀၀၀၊ ပြည်ကြီးငါး ကျပ် ၁၃၀၀၀၊ ကင်းမွန် ကျပ် ၉၀၀၀၊ ရွှေငါးကျပ် ၁၆၅၀ နှင့် ငါးသလောက် ကျပ် ၂၅၀၀၀ ဈေးရှိပြီး ကျန်သောရက်များ၌ ၂၀၀ ကျော်သာ ဈေးအတက်၊အကျရှိ၍ နိုဝင်ဘာလတွင် ရေထွက်ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ကာ စားသုံးသူတို့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိကြောင်း သိရသည်။ တရုတ်ပြည်သို့ ရေထွက်ပစ္စည်းဝင်ရောက်မှုကို နိုဝင်ဘာလမှစ၍ ပိတ်ထားရာရေချိုလုပ်ငန်းရှင် များနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တို့ ပြည်တွင်းဈေးကွက်သို့ဖြန်ဖြူးရာ၌ COVID-19 ကာလတွင် စီးပွားရေး ကျဆင်းချိန်၌ အထိုက်အလျောက်အဆင်ပြေလျက်ရှိကြောင်းသိရသည်။

“COVID-19 ရောဂါစတင်ကြုံတွေချိန်ကစပြီး ရွှေပိတောက်ငါးဈေးကြီး ပြန်လည်စည်ကားလာချိန်မှာ         ငါးဈေးကွက်ပျက်တယ်ဆိုတာမရှိသေးဘူး။ ပြည်ပကို ငါးပို့လို့မရပေမယ့်ပြည်တွင်းစားသုံးမှုကို ဖြန့်ဖြူးနေတာ ကြောင့် ကုန်စည်စီးဆင်းမှုအဆင်ပြေနေတာကိုတွေ့ရပါတယ်။ အရင်ဈေးမှာ လူမရှိတော့ ရွှေပိတောက်ငါးဈေးကို မသိကြဘူး။ ဈေးပဲရှိတယ်။ လူမရှိဘူး။ COVID-19 ရောဂါကြောင့် ကြည့်မြင်တိုင်စံပြငါးဈေးက ပျံကျဈေးသည် တွေ ဒီဈေးကိုရောက်လာပြီး မူလငါးဒိုင်တွေပြန်ရောင်းချကြတာကြောင့် ကျယ်ဝန်းတဲ့ငါးဈေးကြီးပြန်လည် စည်ကားလာတာကို အားလုံးဝမ်းသာနေကြတာပါ။ အထူးသဖြင့် ဒီကာလမှ အရောင်းအဝယ်အဆင်ပြေကြလို့ ပီတီဖြစ်နေကြပါတယ်”ဟု ရွှေပိတောက်ငါးဈေးမှ ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျင်စောက ပြောသည်။

သီရိမင်္ဂလာကုန်စိမ်းဈေးနှင့်ကပ်လျက်ရှိသော ရွှေပိတောက်ငါးဈေးမှာ မြေ ၈ ဧကကျော် ကျယ်ဝန်းပြီး ဈေးရုံပေါင်း ၈ ရုံတွင် ၁၁ ပေ၊ ၁၈ ပေ ကျယ်သော ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိ၍ သုံးနှစ်ကျော်ကြာ ငါးဈေးကြီး တိတ်ဆိတ်နေရာမှ ဧပြီ ၂၀ ရက်မှစ၍ ယခုအခါ ပြန်လည်စည်ကားလာခြင်းဖြစ်သည်။ အသားစားသုံးမှုထက် ငါးစားသုံးမှုများလာသော ရန်ကုန်မြို့တွင် ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ပစ္စည်းတန်ချိန် တစ်သိန်းခွဲ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ရေချို၊ရေငန်ကုန်ပစ္စည်းတစ်ရက်လျှင် ကုန်ချိန် နှစ်သိန်းခန့် တိုးမြှင့်ဝင်ရောက်လျက်ရှိရာ ဝယ်လိုအားကောင်းသောကြောင့် ထုတ်ကုန်ပစ္စည်းများ နေ့စဉ် စီးဆင်းလျက်ရှိသည်။

ရွှေပိတောက်ငါးဈေးကြီးတွင် ယာဉ်ရပ်နားရန်နေရာ၊ A မှ H ထိ ဈေးရုံများနှင့် ယာယီပျံကျဆိုင်ခန်းများကို ဖွင့်လှစ်ရောင်းချလျက်ရှိပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လက်ဆေးကန်များထားရှိခြင်း၊ အပတ်စဉ် ညပိုင်း၌ ရေကားနှင့် သန့်ရှင်းရေဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်လျက်ရှိရာ ပြန်လည်အသက်ဝင်လာသော ရွှေပိတောက်ငါးဈေးကြီးတွင် နံနက် ၄ နာရီမှ ည ၇ နာရီထိ ရောင်းချလျက်ရှိ၍ ထုတ်လုပ်သူနှင့် ရောင်းချသူတို့ ရေထွက်ကုန်ပစ္စည်းများ အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး၊ (၁၁၂)






အခြားဆက်စပ်သတင်းများ