ရန်ကုန် နိုဝင်ဘာ ၇
COVID-19 ဒုတိယလှိုင်းကာလအတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်လျက်ရှိသော်လည်း ကုန်တင်ယာဉ်တန်ဆာခများ မြင့်တက်လာကြောင်း ရန်ကုန်မြို့အခြေစိုက် အဝေးပြေးကုန်တင်ယာဉ်တွဲကား မောင်းသူများထံမှ သိရသည်။
ကုန်တင်ယာဉ်တွဲကားမောင်းသူများအနေဖြင့် COVID-19 ကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုများ နှင့် ရောဂါပိုးကူးစက်မည့်အန္တရာယ်များကို စိုးရိမ်သည့်အတွက် ယာဉ်မောင်းများ ခေတ္တနားခြင်း၊ အချို့မှာအလုပ် ဆက်လက်မလုပ်ကိုင်နိုင်တော့ခြင်း စသည်ဖြင့် ကြုံတွေ့လာရခြင်းကြောင့် ယာဉ်မောင်းများကို ခေါက်ကြေး ပိုမိုပေးကာ ငှားရမ်းလာရသည့်အတွက် တန်ဆာခကို အနည်းငယ်မျှသာ မြှင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်-ဘားအံ ပြေးဆွဲနေသည့် ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောသည်။
"ကုန်ရောင်းသူတွေအတွက် မနိုင်မနင်းဖြစ်စေမယ့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်သွားအောင် လုပ်တာမဟုတ်ပါဘူး။ ယာဉ်မောင်းအခက်အခဲရှိလာတဲ့အတွက် တန်ဆာခအနည်းငယ်လေးပဲ မြင့်လာရုံပါ" ဟု ရန်ကုန်-ဘားအံပြေးဆွဲနေသည့် ကုန်တင်ယာဉ်ပိုင်ရှင် ဦးထွန်းမြင့်ကြည်က ပြောသည်။
လက်ရှိတွင် ရန်ကုန်-ဘားအံကုန်တင်ယာဉ်လိုင်းများတွင် ယခင်က ကုန်တင်ဆောင်လျှင် ကုန်ပစ္စည်း တစ်တန်အတွက် နှုန်းထား ကျပ် ၁၈၀ဝ၀ သာ ကောက်ခံခဲ့သော်လည်း လတ်တလော COVID-19 ကာလတွင် ကျပ် ၂၅၀ဝ၀ အထိ တိုးမြှင့်ခဲ့ရကြောင်း၊အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး စသည့်ပိဿာချိန်အိတ်များ သယ်ဆောင်စရိတ်ကိုလည်း ကျပ် ၂၀ဝ မှ ၃၀ဝ အထိ အနည်းငယ်မြင့်တက် ထားကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
မေဘယ်လ်အောင်