နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေလအတွက် ဆန်တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ သတ်မှတ်ခွဲဝေထားသောပမာဏအတိုင်း တင်ပို့ရောင်းချပေးသွားမည်

ရန်ကုန်   ဧပြီ    ၃၀

လာမည့်မေလတွင် ပြည်ပသို့ဆန်တင်ပို့ရောင်းချပေးရာတွင် ဆန်တန်ချိန် ၁၅၀ဝ၀ဝ ခန့် တင်ပို့ရောင်းချ ပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့မှ ညှိနှိုင်းဆောင်ရွက် သတ်မှတ်ခဲ့သည်။

အဆိုပါသတ်မှတ်ဆောင်ရွက်မှုများအရ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချပေးရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်တန်ချိန် ၁၀ဝ,ဝ၀ဝ တင်ပို့ရောင်းချပေးသွားမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်တန်ချိန် ၅၀ဝ၀ဝ ခန့် တင်ပို့ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် အာဆီယံနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအား G to G ဆန်တင်ပို့ရောင်းချပေးနိုင်ရေးအတွက်လည်း ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ပြည်ပသို့ဆန်တင်ပို့ရောင်းချပေးရာတွင် ယခုကဲ့သို့ပမာဏ ကန့်သတ်ဆောင်ရွက်ခြင်းမှာ ဘက်ပေါင်းစုံမှအကြံပြုချက်များနှင့် အခြားသောနိုင်ငံများ၏ ဆောင်ရွက်နေသော အခြေအနေများကို အခြေခံ၍ မြန်မာနိုင်ငံနှင့်သင့်လျော်သောအခြေအနေကို အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးသတ်မှတ်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ မေလအတွက်ဆန်တင်ပို့မှု သတ်မှတ်ချက်တန်ချိန်တစ်သိန်းခွဲတွင် ဆန်၊ ဆန်ကွဲ နှင့် ကောက်ညှင်းဆန်များပါဝင်သည်။

ပြည်ပသို့ပေါင်းဆန် (Parboiled Rice)တွင်မူ တင်ပို့ရန်ပမာဏ  ကန့်သတ်ထားမှု မရှိဟုပြောသည်။ မေလအတွက် ပြည်ပသို့ဆန်တင်ပို့ရောင်းချပေးရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ကုမ္ပဏီ ၁၁၂ ခုခန့်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုမ္ပဏီ ၂၀ဝ ခန့်မှ အဆိုပါသတ်မှတ်ချက်အတိုင်း တင်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေလတွင် ပြည်ပသို့ဆန်တင်ပို့ရောင်းရာ၌ သတ်မှတ်ထားသောတန်ချိန်ပမာဏများကို ခွဲဝေ သတ်မှတ်ရာတွင် လွန်ခဲ့သောသုံးနှစ်အတွင်း (လပေါင်း ၃၀ အတွင်း) လစဉ်ပျမ်းမျှတင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းကို ကုမ္ပဏီများအားလုံးအား အခြေခံခွဲဝေပေးကာ Contract Farming လုပ်ဆောင်မှု၊ Supply Chain& Value Chain တလျှောက်လုပ်ဆောင်မှု၊ ဆန်စက်နှင့် သိုလှောင်ရုံ ရင်းနှီးမြှုပ်နှံမှု၊ အဖွဲ့ဝင်များအတွက် ကိုယ်စားပြု ဆောင်ရွက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) စသောလုပ်ဆောင်ချက်ရှိသည့်ကုမ္ပဏီများကို အပိုထပ်ဆောင်း၍  သင့်တင့်မျှတစေရန် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အခက်အခဲရှိသော၊ မရှင်းလင်းသော Exporter များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Email ဖြစ်သော admin@mrf.com.mm သို့ ပေးပို့မေးမြန်းနိုင်သည်ဟုဆိုသည်။ ပြည်ပသို့ဆန်တင်ပို့ ရောင်းချမှုအား COVID-19 ရောဂါဖြစ်ပွားနေမှုအခြေအနေတို့ပေါ်တွင် မူတည်၍  နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းတင်ပြအကြံပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
                       
ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ