ရန်ကုန်၊ အောက်တိုဘာ ၂၆
ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စ ပြုန်းတီးလာနေသည်။ လူတို့၏ ပယောဂကြောင့် အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရသည်။ မည်သို့ ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေးတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ လူသားအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်းသည် အဓိကအချက်ဖြစ်နေသည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း၏ အဓိကလက်သည်သည် သစ်တောများ ပြုန်းတီးခြင်းသည်။ ရာသီဥတုသည် တောကို အမှီသဟဲပြုသည်ဆိုလျှင် မှားမည်မထင်ပါ။ သို့သော် ကမ္ဘာ့ သစ်တောကြီးများနည်းတူ မိမိတို့မြန်မာနိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စ ယိုယွင်းပျက်စီးလာနေသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများပြားလာခြင်းက မြန်မာနိုင်ငံ၏ ဂေဟစနစ်တစ်ခုလုံး အထိန်းအကွပ်မရှိ ပျက်စီးသွားနိုင်သည်။
မြန်မာနိုင်ငံတွင် အပူပိုင်းမုတ်သုံမိုးသစ်တောများသည် ပျက်စီးမှုမရှိ သဘာဝအတိုင်းတည်ရှိနေသဖြင့် ကမ္ဘာပေါ်တွင် ထင်ရှားသောဒေသဖြစ်ခြင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းဒေသအတွင်း အမြဲစိမ်းသစ်တောများ၊ ဒီရေတောများနှင့် ဇီဝမျိုးစုံကွဲများ ရှင်သန်လျက်ရှိနေသည်။ နိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာစေရန် သစ်တောစိုက်ခင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံများဆန္ဒ၊ ဒေသခံလူနေမှုဖွံ့ဖြိုးတိုးတက်စေရန် (CSR) လုပ်ငန်းများထည့်သွင်းရေးဆွဲခြင်း၊ ပတ်ဝန်းကျင်လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (EIA, SIA)၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (EMP) နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုအတွက် ချပေးသည့် (PES) တို့ကိုပါ အကောင်အထည်ဖော်လျက်ရှိသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်များ မျှတကောင်းမွန်အောင် ထိန်းညှိပေးနိုင်ရေး အတွက် ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့် ထူးစိမ်း(တစ်အုပ်၊ တစ်မ) စိုက်ခင်းများဟူ၍ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူထားသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်းများနှင့် နေအိမ်ခြံဝင်းများ အတွင်း စိုက်ပျိုးပြီး မှတ်ပုံတင်ထားသော ကျွန်းပင်များကို စိုက်ပျိုးလုပ်ကိုင်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုထားသည်။ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေရန် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် အကျိုးစီးပွားကို ပိုမိုဖြည့်ဆည်းပေးနိုင်သည်။ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တော သယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာရေး လူသားတို့မှီခိုအားထား အကျိုးပြုရာ သဘာဝပတ်ဝန်းကျင်လည်း ရှင်သန်ဖွံဖြိုးလာမည်ဟု ဆိုချင်ပါကြောင်း ။ ။