ရန်ကုန် အောက်တိုဘာ ၂၅
လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုးအကြီးမားဆုံးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဟူမူ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့တွင် မျက်စိဖြင့် အလုပ်လုပ်နေကြရ၏။ မျက်စိအမြင်အာရုံချို့ယွင်းလျှင်၊ မျက်စိကွယ်လျှင် လုပ်ငန်းဆောင်တာအရာရာတို့လည်း လျင်မြန်ပြီးမြောက် ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် မျက်စိသည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် တန်ဖိုးအကြီးမားဆုံးပင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်းမွန်ရေး မျက်စိစမ်းသပ်မှုသည် အရေးကြီး သော လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိအမြင်အာရုံစောင့်ထိန်းခြင်း၏ ပဓာနအကျဆုံး ပင်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်းခန့် ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိကာ မျက်စိမှုန်သူပေါင်းဦးရေ ၂၄၆ သန်းကျော်ရှိသည်။ ယနေ့ ကမ္ဘာပေါ်တွင် ငါးစက္ကန့်လျှင် လူတစ်ဦး၊ တစ်မိနစ်တိုင်း ကလေးတစ်ဦး မျက်စိကွယ်နေသည်ဟု သိရသည်။ ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများ ဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအာရုံချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက်ရှိ၏။ မျက်စိနှင့်ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတနည်းပါးလျက်ရှိ၏။ လူ့ဘဝအတွက် အရေးကြီးသည့် မျက်စိရောဂါကင်းရှင်းစေရန်နှင့် အမြင်သန်စွမ်းစေရန် မိမိ၏ မျက်စိကို မိမိစောင့်ရှောက်ရန် လိုအပ်သည်။ မျက်စိကွယ်ခြင်းမှ ကင်းဝေးစေရန် မျက်စိနှင့် မျက်စိရောဂါများအကြောင်း သိရှိရန်လိုအပ်သည်။
ယခုအခါ မျက်စိဝေဒနာရှင်များအား မျက်စိအထူးကုဆရာဝန်ကြီးများက မြို့နယ်ကျေးရွာများအထိ ကွင်းဆင်းပြီး မျက်စိကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်း၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိရောဂါဖြစ်ပွား နေသူများကို ခွဲစိတ်ကုသပေးလျက်ရှိသော်လည်း COVID-19 ရောဂါပျံ့နှံ့မှုကြောင့် ရပ်ဆိုင်းထားရသည်။ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် မလှိုင်မြို့နယ်များရှိ ဒေသခံ ပြည်သူများ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ ပထမလှိုင်း မတ်လနောက်ဆုံးပတ်တွင် ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ဆေးကုသရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရသည်။
ဩဂုတ်လတွင် ဒုတိယလှိုင်း ထပ်မံဖြစ်ပွားခဲ့ရာ သွားလာမှုကန့်သတ်ချက်ရှိခြင်း၊ Stay at Home နေထိုင်ရ ခြင်းများကြောင့် ဆေးရုံ၊ ဆေးခန်းများ သွားရောက်ကုသရန် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် တပ်မတော်သို့ အကူအညီတောင်းခံခြင်းကြောင့် ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် နွားထိုးကြီးမြို့နယ်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိဝေဒနာရှင် များအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ မျက်စိဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်သည်ဟု ဆိုချင်ပါကြောင်း ။ ။