ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ်နွားနို့အသုံးပြုနိုင်ရန် အင်းစိန်နှင့်တာမွေမြို့နယ်ရှိ နွားနို့ဈေးကွက်နှစ်ခု မှ နေ့စဉ်ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိရာ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်နေစဉ်ကာလ၌ နွားနို့ထုတ်လုပ်မှု လျော့ကျသောကြောင့် ရန်ကုန်နွားနို့ဈေးကွက် ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။
ပုံမှန်အားဖြင့်မိုးရာသီတွင်နွားနို့တစ်ပိဿာလျှင် ကျပ် ၈၀၀ သာရှိပြီး အင်းစိန်ဘူတာလမ်းနှင့် ဗဟိုလမ်း မီးပွိုင့်အနီးရှိနွားနို့ ဈေးကွက်၌ ဒိုင်ယူဈေးမှာ တစ်ပိဿာလျှင်ကျပ် ၁၅၀၀ မှ ၂၀၀၀ ထိ ရောင်းချလျက်ရှိရာ နွားနို့အဝယ်လိုက်သော နွေရာသီပေါက်ဈေးကဲ့သို့ ဈေးကောင်းလျက်ရှိသည်။ အင်းစိန်နွားနို့ဒိုင်မှာ နံနက်ပိုင်းနှင့် ညနေပိုင်းရောင်းချလျက်ရှိပြီး တာမွေဒိုင်မှာနံနက်ပိုင်းသာရောင်းချလျက်ရှိရာ မိုးရာသီတွင် အစာရေစာပေါ များ၍ နို့ထွက်ကောင်းသောကြောင့် ဒိုင်တွင် နွားနို့အဝင်များသည့်အတွက် ဈေးကျတတ်သော်လည်း COVID-19 ရောဂါ ကြောင့် ဈေးကွက်သို့ ပို့ဆောင်မှုနည်းသောကြောင့် နွားနို့ဈေးနှုန်းတက်လာခြင်းဖြစ်သည်။ နွားနို့ဖြင့် ရန်ကုန်မြို့ တွင် စားသောက်ကုန်ထုတ်လုပ်ရာ၌ နွားနို့ကို အပူဓာတ်၊ အဆီဓာတ်နှင့်ရေဓာတ်တို့ကို စစ်ဆေးပြီး စားသောက် ကုန်ပစ္စည်းများကို ထုတ်လုပ်ရာ၌ နွားနို့အရည်အသွေးတိုင်းတာသောစက်ဖြင့် ဝယ်ယူလေ့ရှိရာ နွားနို့အရည် အသွေး ၃၀ ဒီဂရီ၊ ကျွဲနို့ ၃၁ ဒီဂရီနှင့်ဆိတ်နို့ ၄၀ ဒီဂရီသတ်မှတ်ထားကာ တီဘီရောဂါနိုင်နင်းသော ဆိတ်နို့ တစ်ပိဿာလျှင် ယခုရက်ပိုင်း၌ တစ်ပိဿာကျပ် ၇၀၀၀ ဈေးမြင့်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နို့စားနွားငါးမျိုးကို မွေးမြူလျက်ရှိပြီး ဖရေရှန်နို့စားနွားမှာ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသောကြောင့် မွေးမြူသူများလျက်ရှိသည်။ နို့ထွက်နှုန်းကောင်းသော ပြင်သစ်နို့စားနွားမှာ တစ်ရက်လျှင် ၁၄ ပိဿာထွက်ရှိသော်လည်း အသားအရေနူးညံ့၍ ရာသီဥတုဒဏ်မခံနိုင်သောကြောင့် ရန်ကုန်မြို့တွင် မွေးမြူသူ နည်းပါးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေနှင့်ပြင်သစ်နိုင်ငံတို့မှ နို့စားနွားတို့ကို မွေးမြူ၍ နေ့စဉ် ရန်ကုန်တိုင်းဒေသကြီးအတွက် နွားနို့ကို ဖြန့်ဖြူးထုတ်လုပ်ပေးလျက်ရှိသည်။ သီတင်းကျွတ် ကာလသည် ပုံမှန်အားဖြင့်ပွဲလမ်းသဘင်များ၍ နွားနို့ဈေးကောင်းသော အချိန်ကာလဖြစ်သော်လည်း COVID-19 ရောဂါကြောင့်ပွဲတော်များမရှိဘဲ နွားနို့ထုတ်လုပ်မှုနည်း၍ ဈေးနှုန်းကျဆင်းရမည်ဖြစ်သော်လည်း နွားနို့ထုတ်လုပ် မှုနည်းကာ စားသုံးမှုများသောကြောင့် ရန်ကုန်နွားနို့ဈေးကွက်မြင့်တက်လျက်ရှိပြီး ဆောင်းရာသီတွင်လည်း ဈေးနှုန်းကျဖွယ်မရှိကြောင်း အင်းစိန်နွားနို့ဈေးကွက်မှ သိရသည်။
(၁၁၂)