နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးနှင့် အန္တရာယ်ကျရောက်နိုင်မှုအပေါ်မူတည်၍ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ အပြောင်းအလဲဖြစ်လာနိုင်

ရန်ကုန် အောက်တိုဘာ  ၂၁


ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ထုတ်ပြန်ကြေညာထားသော်လည်း လုံခြုံရေးနှင့် အန္တရာယ်ကျရောက်နိုင်မှုအပေါ်မူတည်၍ အပြောင်းအလဲများရှိလာနိုင်သေးသည်ဟု အောက်တိုဘာ ၂၀ ရက်ကကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

''ရွေးကောက်ပွဲမကျင်းပမီမှာ ဘေးကင်းလုံခြုံစွာမရှိတဲ့အခြေအနေပေါ်ပေါက်လာနိုင်တဲ့နေရာတွေရှိလာရင်လည်း အဲဒီနေရာတွေကို ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအနေဖြင့် ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သောနယ်မြေထဲတွင်ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်းမှ အမ်းမြို့နယ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်လျက်ရှိသည့်အပြင် ရွေးကောက်ပွဲကျင်းပရန်လျာထားသော ပလက်ဝ မြို့နယ်နှင့် ပတ်သက်၍လည်း ထပ်ပြီးကြေညာစရာရှိသည်ဟု ယင်းက ပြောသည်။

''အဓိကက ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးလို့ရသလား၊ မဲရုံမှာတာဝန်ထမ်းဆောင်မယ့်သူတွေ၊ လေ့လာသူ တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေအပေါ် အန္တရာယ်ကျရောက်စေနိုင်သလား စတာတွေကို သုံးသပ်ပါတယ်''ဟု ဦးမြင့်နိုင်က ပြောသည်။

သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်ပေါ်မူတည်၍ လတ်တလောတွင် အန္တရာယ်ဖြစ်စေနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သော်လည်း ဘေးကင်းလုံခြုံလာပြီ ဆိုသည်ကိုသိလျှင်  ယင်းနေရာကို ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်သည်ဟု ယင်းက ပြောသည်။

ယခုကဲ့သို့ပြန်လည်သုံးသပ်ရာတွင် အချိန်မီလျှင် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပေးမည်ဖြစ်ပြီး အချိန်မမီလျှင်လည်း အန္တရာယ်မရှိဘဲ ဘေးကင်းလုံခြုံလာသည့်အချိန်တွင် ကြေညာချက်ထုတ်၍ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်ဟု ဦးမြင့်နိုင်က အသိပေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများကို အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ရာ ယင်းကြေညာချက်တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့ ပါဝင်ခဲ့သည်။

(အာကာမင်း)






အခြားဆက်စပ်သတင်းများ