နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီး ဘဒ္ဒန္တခေမိန္ဒာစာရ COVID-19 ကြောင့် ပျံလွန်တော်မူ

ရန်ကုန် အောက်တိုဘာ ၁၆


နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီး တစ်ပါးဖြစ်သော ဆရာတော်ဘဒ္ဒန္တခေမိန္ဒာစာရသည် COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် အောက်တိုဘာ ၁၅ ရက်၊ နံနက်ပိုင်းက ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ဆရာတော်ကြီးတွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အောက်တိုဘာ ၇ ရက်က စစ်ဆေးတွေ့ရှိသဖြင့် ရန်ကုန်မြို့၊ သုဝဏ္ဏရှိ ကိုဗစ်ကုသရေးဌာန(ဧရာဝတီစင်တာ)၌ ကုသမှုခံယူရင်း အောက်တိုဘာ ၁၅ ရက်၊ နံနက် ၅ နာရီ ၅၆ မိနစ်ခန့်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်ရှိ စတုဘုမ္မိကကျောင်းတိုက်၏ ဦးစီးပဓာနနာယကလည်းဖြစ်ကြောင်း၊ ဆရာတော်ကြီး ပျံလွန်တော် မူပြီးနောက် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ အမြန်ဆုံး အန္တိမဈာပန ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီး ၁၁ ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ ရှိကြောင်း၊ ယခုလက်ရှိတွင် ပြည်တွင်း၌ COVID-19 ကူးစက်ခံရမှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး သံဃာတော်များနှင့် သီလရှင်များတွင်လည်း ကူးစက်ခံရမှုများ တွေ့ရှိသည့်အပြင် ပျံလွန်တော်မူသွားသော သံဃာတော်များနှင့် သီလရှင်များလည်းရှိကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ