နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု ၇၅ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာ

ရန်ကုန် ဧပြီ ၂၈ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်စဉ်ဖြစ်ရပ်များကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသရှိ မူဆယ်နယ်စပ်ဂိတ်၌ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းမှုနီးပါး ဖြစ်ပွားခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှုကဏ္ဍမှာလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်ဖက်နိုင်ငံရှိ ရွှေလီအကောက်ခွန်ရုံးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ရာ မတ်လဆန်းပိုင်းတွင် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို ၈၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်လာနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် တရုတ်နိုင်ငံသို့ သကြားတင်ပို့မှုကဏ္ဍတွင်လည်း ၇၅ ရာခိုင်နှုန်းခန့်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သကြား တင်ပို့မှုမှာ အခြေအနေများ ပြည်လည်ကောင်းမွန်လာကာ ဧပြီလဆန်းပိုင်းတွင် တစ်နေ့လျှင် ပျှမ်းမျှ သကြားအိတ်ရေ နှစ်သောင်းခန့် ပုံမှန်တင်ပို့ရောင်းချ ပေးနေရကြောင်း သိရသည်။ ဧပြီလဆန်းပိုင်းတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် သကြားဈေးကွက်တွင် သကြားတစ်တန်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၃၆၆ ဒေါ်လာ ပေါက်ဈေးရှိနေပြီး တရုတ်နိုင်ငံဖက်ဈေးကွက်တွင် သကြားတစ်တန်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၈၃၃ ဒေါ်လာအထိ ပေါက်ဈေးရှိနေသည်။ ထို့ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ဈေးကွက် ပေါက်ဈေးနှုန်းများနှင့် တရုတ်နိုင်ငံဘက် ဈေးကွက်ပေါက်ဈေးနှုန်းများမှာ သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၇ ဒေါ်လာ ဈေးနှုန်းကွာဟမှုရှိနေကြောင်း သိရသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမဖြစ်စေရေးနှင့် ပြည်တွင်း သကြားဈေးကွက်အပေါ် ထိခိုက်မှုမဖြစ်စေရေးအတွက် ပြည်ပမှ Re-export စနစ်ဖြင့် သကြား တင်သွင်း/တင်ပို့မှု လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန် ၁ ရက်မှ ၂၀၁၈ ခုနှစ် ဩဂုတ် ၁၆ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခု သို့ သွင်းကုန်လိုင်စင် ၅၆၈ စောင်၊ တန်ချိန်အားဖြင့် ၉၂၁၀၉၉ တန်ကို ခွင့်ပြုထုတ်ပေးခဲ့သည်။ အဆိုပါ ကာလနောက်ပိုင်းတွင်ပြည်တွင်း၌ Re-export သကြားလက်ကျန်မရှိ သကဲ့သို့ ထပ်မံ၍လည်း Re-export သကြားများကို တင်သွင်းခွင့်ပြုပေးခြင်းမရှိတော့ပေ။ သို့သော် ပြည်တွင်းသကြားစက်များ၏ ထုတ်လုပ်မှုအရည်အသွေးမပြည့်မီမှု၊ ကုန်ထုတ်လုပ်မှု စရိတ်မြင့်မားမှုကြောင့် ဈေးနှုန်းကြီးမြင့်နေမှု စသည့် အခြေအနေများကြောင့် အချိုရည်လုပ်ငန်း၊ ကော်ဖီမစ်လုပ်ငန်း၊ တီးမစ်၊ နို့ဆီလုပ်ငန်း စသည့် ပြည်တွင်းရှိ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ မှာ အခက်အခဲများကြုံတွေ့လာခဲ့ရသည်။ ထို့ကြောင့် အဆိုပါ သွင်းကုန်အစားထိုးလုပ်ငန်းများ၏ Refined Sugar လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက် ၂၀၁၉ ခုနှစ်၊ မတ်လမှစ၍ ကုမ္ပဏီ ၁၀ ခု၊ လုပ်ငန်း ၁၁ ခုကို လစဉ် Refined Sugar စုစုပေါင်း ပျမ်းမျှ ၁၁၅၇၅ တန် ခန့်ကို စိစစ်တင်သွင်းခွင့် ပြုဆောင်ရွက်ပေးခဲ့သည်။ ယခုအခါတွင် ပြည်တွင်း၌ ထပ်မံ၍လည်း Re-export သကြားများကို ခွင့်ပြုဆောင်ရွက်ပေးထားခြင်း မရှိတော့။ ထို့အပြင် ပြည်ပမှ သကြားများ ပြည်တွင်းသို့ တရားမဝင် မှောင်ခိုဝင်ရောက်နေခြင်းကြောင့် ပြည်တွင်းရှိ သကြားထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားများထိခိုက် နစ်နာမှု မရှိစေရေးအတွက် မြဝတီနယ်စပ်မှ တရားမဝင် သကြားများဝင်ရောက်နေမှုကိုလည်း ပို့ကုန်/သွင်းကုန် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ (ကိုသစ္စာလှိုင်)






အခြားဆက်စပ်သတင်းများ