နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီတွင် ပျောက်ဆုံးခဲ့သည့် မြောက်ကိုရီးယားသံအမတ်က တောင်ကိုရီးယားနိုင်ငံတွင် ခိုလှုံနေဟုဆို

အောက်တိုဘာ  ၈၊  ဆိုးလ်


အီတလီနိုင်ငံတွင် ပျောက်ဆုံးသွားသည့် မြောက်ကိုရီးယားသံအမတ်မှာ တောင်ကိုရီးယားနိုင်ငံတွင် ထွက်ပြေးခိုလှုံနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက ပြောသည်။ ယင်း၏ ပြောကြားချက်ကို အတည်ပြုနိုင်ပါက ဂျိုဆောင်ဂီမှာ ၁၉၉၇ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးခိုလှုံသည့် မြောက်ကိုရီးယားအရာရှိများအနက် ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာမည်ဟု ဆိုသည်။


အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ယာယီသံအမတ် ဂျိုဆောင်ဂီမှာ ၂၀၁၈ ခုနှစ်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိ နေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် တောင်ကိုရီးယားလွှတ်တော်၏ ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ဂျောင်ဟေးချိုက အတည်ပြုခဲ့သည်။


သို့သော် ဂျိုဆောင်ဂီ၏ ဆယ်ကျော်သက်အရွယ် သမီးငယ်မှာ မြောက်ကိုရီးယားနိုင်ငံသို့ ပြန်သွား ခြင်းကြောင့် စိုးရိမ်ပူပန်လျက်ရှိသည်။ မိဘနှစ်ပါး ပျောက်ဆုံးသွားချိန်တွင် မိန်းကလေးငယ်၏ ဆန္ဒအရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ယင်းကို မြောက်ကိုရီးယားနိုင်ငံသို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။


ဂျိုဆောင်ဂီမှာ အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ယာယီသံအမတ်အဖြစ် သက်တမ်းကုန်ဆုံးလုဆဲဆဲဖြစ်နေသည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် သံရုံးကို တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ ဇနီးဖြစ်သူနှင့်အတူ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ယင်း၏သမီးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မသိရသေးပေ။                                                                         


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ