နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယသိပ္ပံပညာရှင်အဖွဲ့က စရိတ်နည်းပြီး အချိန်မြန်သည့် စက္ကူအခြေပြု COVID-19 ရောဂါပိုး စစ်ဆေးရေးကိရိယာ ဖန်တီး

အောက်တိုဘာ ၅၊ နယူးဒေလီ


အိန္ဒိယနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့မှာ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးနိုင်သည့် ကိရိယာကဲ့သို့ အချိန်တိုအတွင်း COVID-19 ရောဂါပိုး စစ်ဆေးနိုင်သည့် စက္ကူအခြေပြု ဈေးသက်သာသည့် စစ်ဆေးရေးကိရိယာကို တီထွင်ဖန်တီးခဲ့သည်။ စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ အိန္ဒိယနိုင်ငံ၏ နာမည်ကျော်စုံထောက်ကို အစွဲပြု၍ ဖီလူဒါ (Feluda) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆေးရေးကိရိယာမှာ CRISPR ဟု အမည်ရသည့် မျိုးဗီဇပြုပြင်ရေးနည်းပညာကို အခြေခံ၍ ဖန်တီးထားခြင်းဖြစ်သည်။ တစ်နာရီမပြည့်မီအချိန်အတွင်း ဆေးစစ်ချက်အဖြေ ရရှိမည့် အဆိုပါစစ်ဆေးရေးကိရိယာမှာ ရူပီး ၅၀၀ ( မြန်မာငွေ ၉၀၀၀) နီးပါးသာ ကုန်ကျမည်ဖြစ်သည်။


ဖီလူဒါကို အိန္ဒိယနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစု Tata က ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဈေးကွက်ထဲမှ COVID-19 ရောဂါ စစ်ဆေးရေးကိရိယာများအနက် ကမ္ဘာ့ပထမဆုံး စက္ကူအခြေပြုစစ်ဆေးရေး ကိရိယာဖြစ်လာဖွယ်ရှိသည်။ ''ဒီကိရိယာက ရိုးရှင်းတယ်။ တိကျတယ်။ စိတ်ချရတယ်။ ငွေကုန်ကြေးကျ သက်သာပါတယ်''ဟု အိန္ဒိယအစိုးရ၏ သိပ္ပံမူဝါဒ အကြံပေးအရာရှိချုပ် ပါမောက္ခ ဗီဂျေးရာဂါဝမ်က ပြောသည်။


COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူများအပါအဝင် လူနာ ၂၀၀၀ နီးပါး၏ ဓာတ်ခွဲနမူနာများကို အဆိုပါကိရိယာဖြင့် စစ်ဆေးရာတွင် ရောဂါပိုးရှိသူကို ရှိကြောင်း ဖော်ပြနိုင်မှု ၉၆ ရာခိုင်နှုန်း၊ ရောဂါပိုးမရှိသူ မရှိကြောင်း ဖော်ပြနိုင်မှု ၉၈ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူများကလည်း အဆိုပါစစ်ဆေးမှုကို စီးပွားဖြစ် အသုံးပြုနိုင်ရန် ခွင့်ပြုချက်ပေးထားသည်။


အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၆ သန်းကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀၀ ကျော် ရှိနေသည်။ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲခန်း ၁၂၀၀ ကျော်တွင် တစ်ရက်လျှင် ဓာတ်ခွဲနမူနာတစ်သန်းကျော်ကို စစ်ဆေးလျက်ရှိသည်။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ