နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်စဖို့ဒ်တက္ကသိုလ်၏ COVID-19 ကာကွယ်ဆေးကို ၆ လအတွင်း ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် ထည့်သွင်းနိုင်ဖွယ်ရှိဟု ဆို

အောက်တိုဘာ ၄၊ လန်ဒန်


အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လာမည့် ၆ လအတွင်း ကာကွယ်ရေးထိုးနှံရေးအစီအစဉ်တွင် ထည့်သွင်းသွားဖွယ်ရှိသည်ဟု ဗြိတိန်အစိုးရ သတင်းရင်းမြစ်များက ပြောသည်။ အောက်စဖို့ဒ်တက္ကသိုလ်၏ သိပ္ပံပညာရှင်များနှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ခဲ့သည့် ကာကွယ်ဆေးမှာ စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၃) ရောက်ရှိနေသည်။ ထို့ကြောင့် အဆိုပါဆေးကို ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ်အကုန်တွင် အတည်ပြုပေးပြီး နောက်ထပ်အချိန် ၆ လလောက်အတွင်း ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်တွင် ထည့်သွင်းဖွယ်ရှိသည်ဟု မျှော်လင့်လျက်ရှိသည်။ 

အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေး အတည်ပြုချက်ရရှိပါက ပြည်သူများကို ချက်ချင်းထိုးနှံ ပေးရန်အတွက် ဗြိတိန်အစိုးရက ဆေးအဖုံ သန်း ၁၀၀ မှာယူထားသည်။ အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးမှာ ရောဂါကူးစက်မှုကို အနည်းဆုံး ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ယခုနှစ်အကုန်တွင် အားလုံးမျှော်လင့်သည့် ရလဒ်မျိုး မြင်တွေ့ရလိမ့်မည်ဟု စမ်းသပ်ထိုးနှံမှုတွင် ပါဝင်နေသည့် သိပ္ပံပညာရှင်များက ပြောသည်။ '' ကျွန်တော်တို့ကတော့ ၆ လလောက် မှန်းထားပါတယ်။ ဒီထက်ပိုမြန်ရင် လည်း မြန်မှာပါ''ဟု ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်စပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် နေသည့် ဗြိတိန်အစိုးရရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗြိတိန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေးပူးတွဲကော်မတီ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုချက်ရရှိထားသည့် ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက်ရှိသူအားလုံးကို အရင်ဆုံးထိုးနှံပေးမည်ဖြစ်ပြီး ရောဂါကူးစက် နိုင်ခြေများသည့် ငယ်ရွယ်သူများကို ဒုတိယဦးစားပေး ထိုးပေးမည်ဖြစ်သည်။ ထိုသူများတွင် တိုင်းရင်းသား လူနည်းစုများ၊ ကျန်းမာရေးအခံရှိသူများလည်း ပါဝင်မည်ဖြစ်သည်။ ထို့နောက်တွင် အသက် ၅၀ အထက် အရွယ်ရှိသူများကို တတိယဦးစားပေးထိုးပေးမည်ဖြစ်ပြီး ကျန်းမာရေးကောင်းသည့် လူငယ်များကို နောက်ဆုံးမှ ထိုးပေးမည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ