နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 စတင်ကူးစက်ရာဖြစ်သည့် ဝူဟန်မြို့တွင် အသွားအလာ ပြန်ဖွင့်ပေး

COVID-19 စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို နှစ်လကြာ အသွားအလာ ဖြတ်တောက်ပြီးနောက် အသွားအလာ တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ မတ်လ ၂၈ ရက်က ဝူဟန်မြို့ ရထားဘူတာရုံသို့ ခရီးသည်များ အုပ်စုလိုက် ရောက်ရှိလာသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ လူများကို ဝူဟန်မြို့အတွင်း ဝင်ခွင့်ပေးခဲ့သော်လည်း ဝူဟန်မြို့အတွင်းမှ ထွက်ခွင့်မပေးကြောင်း သတင်းများတွင် ဖော်ပြသည်။ ဟူပေပြည်နယ်မြို့တော် ဝူဟန်မြို့တွင် COVID-19 ကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိပြီး ဟူပေပြည်နယ်တွင် အနည်းဆုံး လူ ၃၀၀၀ သေဆုံးခဲ့သည်။ သို့သော် တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ အရေအတွက် သိသိသာသာ ကျဆင်းလာကြောင်း တွေ့ရသည်။ မတ်လ ၂၇ ရက်က တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၅၄ ဦး ထပ်မံတွေ့ရှိခဲ့သော်လည်း ယင်းတို့အားလုံးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်သည်။ ပြည်ပမှ ဝင်ရောက်လာသူများတွင် COVID-19 ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာပြီးနောက် တရုတ်နိုင်ငံက ပြည်ဝင်ခွင့် သို့မဟုတ် နေထိုင်ခွင့်ရရှိထားသူများ အပါအဝင် ပြည်ပခရီးသည်ဝင်ရောက်မှုကို ယာယီပိတ်ပင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဝူဟန်မြို့ရှိ ပင်လယ်စာဈေးတွင် COVID-19 စတင်ကူးစက်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလလယ်ကစတင်ပြီး လူဦးရေ ၁၁ သန်းနေထိုင်သည့် ဝူဟန်မြို့ကို အသွားအလာ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်တွင် ဝူဟန်မြို့ရှိ မြေအောက်ရထားများကို ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့ရာ ဝူဟန်မြို့ရှိ ဘူတာရုံ ၁၇ ခုသို့ ရထားများ ပြန်လည်ဆိုက်ရောက်တော့မည်ဖြစ်သည်။ ဝူဟန်မြို့ကို ရောက်လာသူများမှာ မိုဘိုင်းဖုန်း app မှတစ်ဆင့် ဂရင်းကုဒ်(Green Code)ပြပြီး ယင်းတို့အနေဖြင့် ကျန်းမာရေးကောင်းကြောင်း သက်သေပြရသည်။ ဧပြီလ ၈ ရက်တွင် ဝူဟန်မြို့မှ ထွက်ခွာခွင့်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးမည်ဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် ရှိနေသည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ