နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောဂါမကူးစက်နိုင်သူများဟု သတ်မှတ်ပေးသည့် နိုင်ငံကူးလက်မှတ် ထုတ်မပေးသင့်ကြောင်း WHO သတိ‌ပေး

ဧပြီ ၂၆၊ ဂျီနီဗာ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ အစိုးရများက ရောဂါ မကူးစက်နိုင်သူများဟု သတ်မှတ်ပေးသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် ရောဂါကူးစက်နိုင်ခြေ မရှိဆိုသည့် အသိအမှတ်ပြုလက်မှတ်များ ထုတ်မပေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောသည်။ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူများမှာ ဒုတိယအကြိမ် ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပေးသည့် ပဋိဇီဝပစ္စည်းများ ထုတ်လုပ်နိုင်သည့် သက်သေအထောက်အထားမရှိကြောင်း WHO က ပြောသည်။ ရောဂါမကူးစက်နိုင်သူများဟု သတ်မှတ်ပေးသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် ရောဂါကူးစက် နိုင်ခြေမရှိဆိုသည့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို မြင့်တက် စေနိုင်သည်ဟု WHO က သတိပေးထားသည်။ ကိုယ့်ကိုယ်ကိုယ် ရောဂါမကူးစက်နိုင်ဟု ယူဆသူများမှာ ကြိုတင်ကာကွယ်မှု စည်းမျဉ်းများကို လိုက်နာမည်မဟုတ်ဟု WHO က ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်သက်သာလာသူများကို ခရီးသွားခွင့် သို့မဟုတ် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပေးရန် နိုင်ငံအချို့၏ အစိုးရများက စဉ်းစားနေသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် သွားလာလှုပ်ရှားမှု ကန့်သတ်သည့်စည်းမျဉ်းများ ချမှတ်ခြင်းမှာ ကမ္ဘာ့စီးပွားရေးကို ယိုင်နဲ့စေခဲ့သည်။ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူများကို သုတေသနပြုလုပ်ရာတွင် ယင်းတို့၏ သွေးများအတွင်း ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရသည်။ သို့သော် အချို့သူများမှာ ပဋိဇီဝထုတ်လုပ်နိုင်စွမ်း အလွန်နည်းပါးကြောင်း တွေ့ရသည်။ အဆိုပါတွေ့ရှိချက်အရ ကိုယ်ခံအားစနစ်၏ အခြားအစိတ်အပိုင်းတစ်ခုဖြစ်သည့် T-cells များ( ရောဂါပိုးကူးစက်ခံရသည့်ဆဲလ်များကို တိုက်ဖျက်ပေးသည်)မှာ ရောဂါသက်သာ ပျောက်ကင်းရေး အတွက် အဓိကကျဖွယ်ရှိသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ