နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်၏ ပထမဆုံးစကားရည်လုပွဲတွင် ဂျိုးဘိုင်ဒင် အသာရခဲ့ဟု ဆို

 စက်တင်ဘာ ၃၀၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲအကြို ကျင်းပလေ့ရှိသည့် ကိုယ်စားလှယ်များ၏ ပထမဆုံးစကားရည်လုပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ထက် အသာရခဲ့သည်ဟု သဘောထားအမြင် ကောက်ခံမှုများတွင် ဖော်ပြသည်။ 


သဘောထားအမြင် ကောက်ခံမှုများအရ ၄၈ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်ကို အနိုင်ပေးကြပြီး ဒေါ်နယ်ထရမ့်ကို အနိုင်ပေးသူ ၄၁ ရာခိုင်နှုန်း၊ သရေပွဲဟု သတ်မှတ်သူ ၁၀ ရာခိုင်နှုန်းရှိသည်။ သို့သော် သဘောထားအမြင် ဖော်ပြသူ ၆၉ ရာခိုင်နှုန်းက ယခုည စကားရည်လုပွဲကို စိတ်ပျက်မိသည်ဟု မှတ်ချက်ပေးကြပြီး အဆိုးမြင်သူ ၁၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း တွေ့ရသည်။


သမ္မတ ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒင်နှင့် အကြိတ်အနယ် ငြင်းခုံခဲ့ရုံသာမက ခုံသမာဓိ ခရစ္စဝေါလေ့စ်နှင့် အချေအတင် ဖြစ်ခဲ့သည်။ ခုံသမာဓိ ခရစ္စဝေါလေ့စ်က အိုဘားမားလက်ထက် ကျန်းမာရေးစောင့်ရှောက်မှု (Obamacare) နှင့် ဒေါ်နယ်ထရမ့်လက်ထက် ကျန်းမာရေးစောင့်ရှောက်မှု (Trumpcare)ကို မေးခွန်းထုတ်ရန် ကြိုးစားချိန်တွင် ဒေါ်နယ်ထရမ့်က စကားမဆုံးမီ ဖြတ်ပြောခဲ့၍ ခရစ္စဝေါလေ့စ်က စကားဆုံးအောင် ပြောခွင့်ပေးရန် တောင်းဆိုခဲ့ပြီး စည်းမျဉ်းများကို မလိုက်နာသည့်အတွက် ဒေါ်နယ်ထရမ့်ကို ကြိမ်းမောင်းခဲ့သည်။


'' စကားရည်လုပွဲဆိုပြီး နပန်းပွဲဖြစ်နေတယ်''ဟု ဒီမိုကရက်တစ် နိုင်ငံရေးသုတေသီ မေရီအန်းမက်ရှ်က မှတ်ချက်ပေးခဲ့သည်။ မိနစ် ၉၀ ကြာမြင့်သည့် သမ္မတရွေးကောက်ပွဲအကြို စကားရည်လုပွဲမှာ အမေရိကန်နိုင်ငံသမိုင်းတွင် ရုတ်ရုတ်သဲသဲအဖြစ်ဆုံးဟုလည်း အချို့သူများက မှတ်ချက်ပေးခဲ့သည်။ ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့မှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု၊ ရာဇဝတ်မှု၊ စီးပွားရေး၊ ရွေးကောက်ပွဲ သမာသမတ်ကျမှု၊ လူမျိုးရေး စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကြိတ်အနယ် ငြင်းခုံခဲ့ကြသည်။


'' ကျွန်တော်တို့ တွေ့တာကတော့ အဆိုးရွားဆုံး မငြိမ်သက်မှုတွေဖြစ်လာတာ လက်ဝဲဝါဒရှိသူတွေကြောင့်ပါ။ လက်ယာဝါဒရှိသူတွေကြောင့် မဟုတ်ပါဘူး။ အဲဒီတော့ လူဖြူကြီးစိုးရေးဝါဒကို ရှုတ်ချခွင့်မရှိပါဘူး'' ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့ခြင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် ယမ်းပုံမီးကျ ဒေါသထွက်နေကြသည်။ 

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ