နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂါဂြိုဟ် တောင်ဝင်ရိုးစွန်းအနီး မြေအောက်ရေကန်သစ် ၃ ခု တွေ့ရှိ

စက်တင်ဘာ ၃၀၊ လန်ဒန်


အင်္ဂါဂြိုဟ်၏ တောင်ဝင်ရိုးစွန်းအနီးတွင် မြေအောက်ရေကန်သစ် ၃ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်ကတည်းက ရေကန်ရှိနိုင်သည်ဟု အရိပ်အမြွက် တွေ့ရှိခဲ့သည့် စတုတ္ထမြောက်ရေကန်တစ်ကန် ရှိခြင်းကိုလည်း သိပ္ပံပညာရှင်များက အတည်ပြုနိုင်ခဲ့သည်။ ရေမှာ သက်ရှိများကို လေ့လာရာတွင် အဓိက အရေးပါသည့်အရာဖြစ်၍ ယခုတွေ့ရှိမှုမှာ နေစကြဝဠာအတွင်း ကမ္ဘာမြေပြင်ပ အခြားဂြိုဟ်များတွင် သက်ရှိများ နေထိုင်ခြင်း ရှိ၊ မရှိ လေ့လာနေသည့် သုတေသီများအတွက် စိတ်ဝင်စားစရာ ဖြစ်သည်။


သို့သော် ယခုတွေ့ရှိရသည့် ရေကန်များတွင် ဆားပါဝင်မှု အလွန်များပြားနိုင်ဖွယ်ရှိ၍ အလွန် သေးငယ်သည့် သက်ရှိများရှင်သန်နိုင်ရန် စိန်ခေါ်မှုဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်ဘီလျံပေါင်းများစွာက အင်္ဂါဂြိုဟ်မျက်နှာပြင် ရေကန်များတွင် ရေရှိခဲ့ပြီး မြစ်များအတွင်း ရေစီးဆင်းခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ အင်္ဂါဂြိုဟ်တွင် လေထုဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရေများ မရှိတော့ခြင်းဖြစ်သည်။


အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် ရေမရှိတော့သော်လည်း မြေအောက်အခြေအနေမှာ ကွဲပြားခြားနား၍ မြေအောက်ရေကန်များ တွေ့ရခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အင်္ဂါဂြိုဟ်ကို လှည့်ပတ်နေသည့် ဥရောပအာကာသအေဂျင်စီ၏ Mars Express အာကာသယာဉ်တွင် တပ်ဆင်ထားသော ရေဒါမှရရှိသည့် အချက်အလက်များကို အသုံးပြုပြီး ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။                                          


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ